..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Monday, March 31, 2008

အမေ....

အမေရေ........
ဘ၀တွေက အချိုး ကျပေမဲ့ ဆန္ဒတွေက
ချို့ တဲ့နေဆဲပါမေမေ
ဒုက္ခမိုင်တိုင်တွေ တရိပ်ရိပ်ဝါးမျိုခဲ့တာတောင်မှ
သားဘ၀ လမ်းတွေက ရှည်လျားလွန်းတယ်
ဟန်ဆောင်မျက်နှာဖုံးနဲ့ သံယောင်ပြုံးသူတွေ ..
ဂရုဏာမျက်လုံးနဲ့ လက်သီးပုံးထိုးသူတွေ ကြား
ဝေဒနာတွေကို ဒေသနာတွေနဲ့ ဖြေနေပါတယ်
ပကာသန မိုးရေတွေကြား သားနှလုံးသား
အဖျားဝင်နေတယ် အမေ....
အမေချပေးတဲ့ လမ်းမ ရည်မှန်းချက်လှပေမဲ့..
ပေးဆပ်ရမှုတွေက များလှပါတယ်အမေ..
အမေပို့ပေးတဲ့ ချွေးနှဲစာ
သား "......."ဖြစ်ရင်ပြန်ဆပ်မှာပါ အမေ။
အမေ့ အသိုက်မြုံ လုံခြုံပေမဲ့...
ဆန္ဒတွေအတွက် မဖူလုံဘူး
သား မြို့လေးကို လွမ်းနေပေမဲ့လည်း
ခြေစုံကန်ပြီးမှ လွမ်းပြမနေချင်တော့ဘူး
အပျံသင်စ ငှက်တစ်ကောင်
မြင့်မိုရ်ထိအောင် ပျံပါရစေ
ဘ၀ ကို စိန် ခေါ်..........
သင်ခန်းစာတွေမှာ ပျော် ပါ စေ
အိပ်မက်တွေ ပွင့်ဝေတဲ့နေ့
အမေနဲ့တစ်သက်လုံးတွေ့မယ်
ခုတော့............
မျှော်လင့်ခြင်းတွေအားလုံး အတွက်
သားကိုသား အရောင်တင်နေဆဲပါ အမေ.....

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

အမေသို့ …တမ်းချင်း

သို့…

သားငယ်ချစ်တဲ့ အမေ…

သားငယ် အမေကို တမ်းတလွမ်းဆွတ် နေတယ်…. ဒီအချိန်ဆို သားငယ်ချစ်တဲ့ အမေ ဘာတွေလုပ်နေမလဲလို့ပေါ့…. သားငယ်က အမေသားတွေထဲမှာ အငယ်ဆုံးပါ.. အမေ သားငယ်ကို အချစ်ဆုံးဆိုတာလဲ သားငယ်သိပါတယ်…. သားငယ်အဆိုးဆုံးဆိုတာလဲ အမေသိပါတယ်….. သားငယ်အခုလို အမေနဲ့ အဝေးကြီးမှာ ရောက်နေမှ အမေ့ရဲ့ မေတ္တာ၊ ဂရုဏာ ကို သိခဲ့ပါပြီ .. အမေရယ်… သားငယ်သိခဲ့တဲ့ ခုချိန်မှာ သားငယ်အတွက် နောက်ကျနေပြီလား… အမေ့ကျေးဇူးကို သားငယ်ပြန်မှ ဆပ်နိုင်ပါ့မလား အမေရယ်…. သားငယ်အဝေးကြီးကနေ အမေ့ကျေးဇူးတွေ ကိုဆပ်လို့မှ ရပါ့မလား အမေရယ်…. သားငယ်အခု အမေ့ကျေးဇူးကို အရမ်းဆပ်ချင်နေတယ် အမေ… သားငယ် ဘယ်လိုဆပ်ရမလဲ…. အမေဖြစ်ချင်တာတွေ သားငယ်ကို ဖြစ်စေချင်တာတွေ သားငယ်ကို ပြောပြပါ့လား အမေရယ်… အမေ ဘာတွေဖြစ်ချင်လဲ ..ဟင် .. သားငယ်ကို ပြောပါ .. သားငယ်အတွက် အချိန်မှ ရှိပါ့မလား အမေရယ်… အမေ ဖြစ်ချင်တာတွေကို သားငယ် မမေးခဲ့ရဘူးအမေ … အမေ ဖြစ်ချင်တာ တွေကို လုပ်ပေးဖို့ သားငယ်အဆင်သင့် ဖြစ်နေပါပြီ အမေရယ်… သားပြန်လာတဲ့ အထိ အမေအသက်ရှင်နေရမယ်နော် …. နောင်တတွေ တပုံတပင် ကြီးနဲ့ သားငယ်ကို မထားခဲ့ပါနဲ့ အမေရယ် … သားငယ် အမေ့ကျေးဇူးတွေကို သိနေပါပြီ…. အမေ့ကျေးဇူးတွေကို ဆပ်ဖို့သားငယ်ပြန်လာမယ်နော်…. သားငယ်ကို စောင့်နေပါနော် အမေ….

ဝေးတမြေမှ သားငယ်

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Friday, March 28, 2008

ကြိုးစားကြပါ့လား

အပြစ်တင်တာ မဟုတ်ပါဘူး…. တိုက်တွန်းတာပါ…. ကိုယ့်တာဝန်ကိုယ်သိပြီး ကြိုးစားစေချင်တယ်…. ကိုယ့်နိုင်ငံတိုးတက်ဖို့ ကိုယ်တွေမှ မကြိုးစားရင်ဘယ်သူတွေ ကြိုးစားမလဲ …. ကိုယ်တာဝန်တော့ ကိုယ်သိစေချင်တယ်ဗျာ … အကြမ်းဖျင်အားဖြင့်တော့ သား(၃)သား ကိုယ်အလုပ်ကို လုပ်ရင် ရပြီလေ… ဘုရားသား၊ ကျောင်းသား၊ စစ်သား အားလုံးကြိုးစားမယ် ….. ကိုယ့်တာဝန်က စစ်သားရော ကျောင်းသားရော ဆိုရင် ပိုပြီးတော့ ကြိုးစားသင့်တယ် …. တာဝန်နှစ်ခုရှိနေတာကို ….. သားသုံးသားမှ မဟုတ်ဘူး …. အားလုံး အားလုံးသော သူတွေကြိုးစားရယ် …. ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုးအတွက်ပေါ့ … ဘယ်သူအတွက်မှ မဟုတ်ရင်တောင် ကိုယ့်အတွက်ကိုယ်တော့ ကြိုးစားသင့်တယ် …. ဘာလို့လဲဆိုရင် ကိုယ်လည်း ဒီနိုင်ငံသားဖြစ်နေလို့ပေါ့ … ဒါတွေရေးလို့ နိုင်ငံရေးသမားလို့တော့ မထင်စေချင်ဘူးဗျာ …. ကျွန်တော်လည်း စစ်သားပါ… ကိုယ့်အလုပ်ကို လုပ်မှာပါ …. သူငယ်ချင်းတို့ကိုလည်း လုပ်စေချင်တယ် …. တကယ့်စေတနာ သက်သက်ပါ….. အလကားကုန်သွားတဲ့ အချိန်တွေကို နှမျှောပါ ….

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Thursday, March 27, 2008

သတိရှိချင်လား ဒါတွေကိုလုပ်

  • ပတ်ဝန်းကျင် အခြေအနေကို သိပါ။
  • မိမိ အခြေအနေကို မိမိ သိပါ။
  • ကာလ၊ ဒေသ၊ ပယောဂ ကို ခြုံငုံသုံးသပ်ပါ။

  • ရှေ့ဆက်ရမည်၊ ပြောင်းလည်းလုပ်ကိုင်ရမည်၊ နောက်ဆုတ်ရမည်။
    ခေတ္တရပ်တန့်ထားရမည် တို့ကိုသိပါ။
  • အရာရာကို သင့်မသင့်၊ မှန်မမှန် စဉ်းစားပါ။
  • ပြောချင်ရာမပြောပါနှင့်။
  • သွားချင်ရာကို ချင့်ချိန်သွားပါ။
  • စားချင်ရာမှ လွန်မင်းအောင် မစားပါနှင့်။
  • အိပ်ချင်သလို မအိပ်မိပါစေနှင့်။
  • အကုသိုလ်ကို ရှောင်မိအောင် သတိရပါ။
  • ကုသိုလ်ပြုမိအောင် သတိရပါ။

လူတွေဟာ ကိုယ်အကြောင်းကို၊ ကိုယ်သမိုင်းကို၊ ဖန်တီးတက်ကြသူတွေ ဖြစ်တယ်။ လူတိုင်းဟာ ပမာဏ ကြီးမားတဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် သူကိုခိုင်းစေထားတဲ့ အလုပ်မျိုးနဲ့ သတ်မှတ်ပေးထားတဲ့ အချိန်ကာလ အတွင်းမှာတော့ ဖြစ်ချင်မှဖြစ်မယ်။

Any one can do any work, provide it isn’t the work he is supposed to be doing at the moment.


ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Wednesday, March 26, 2008

အလုပ်စလုပ်ရအောင်

အလုပ် စလုပ်ရအောင် ဆိုတော့ အလုပ်ရှိတဲ့သူတွေက ရီကြလိမ့်မယ်၊၊ ငါ့အလုပ်ငါသိတယ် လျှာမရည်နဲ့ ပြောရင်လည်း ခံရဦးမယ်၊၊

ဒါပေမယ် အလုပ်မရှိတဲ့သူ ကိုယ်အလုပ်ကို မသိတဲ့သူတွေကတော့ ဒုနဲ့ဒေး အများကြီးပဲ၊၊ အဲဒီ လူတွေကို ပြောချင်ချင်လို့ မှာချင်လို့ပေါ့ သူတို့ဘ၀တွေ အတွက်ပါ၊၊ အဲ ... ဆရာ လုပ်တာတော့ မဟုတ်ဘူးနော်၊၊ သတိ မထားမိတာလေးတွေကို အလင်းပေး ပြီးလမ်းပြချင်တာပါ၊၊ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး ( To do nothing is the way nothing to do ) ကောင်းတဲ့ အလုပ်နဲ့ မကောင်းတဲ့ အလုပ်ဆိုတာရှိတယ်၊၊ ကိုယ်တိုင်လည်း ခွဲခြားသိမှာပေါ့ ကောင်း၊ မကောင်းကို။ ကောင်းတဲ့ အလုပ်ကိုပဲ ကောင်းတဲ့ သူတွေက လုပ်ချင်ကြတာပဲလေ။

အဓိက က လုပ်ချင်စိတ်ရှိလာဖို့ပဲ့။ လုပ်ချင်စိတ် ရှိလာအောင် ဘယ်လိုလုပ်ရမလဲ။ ကိုယ်ရဲ့စိတ်ကို တည်ငြိမ်အောင် အရင်ဆုံးလုပ်၊ ကိုယ်စိတ်က တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ ပျော်ရွှင်နေမယ်။ စိတ်ထဲမှာ ဘာအနှောက်အယှက်မှ မရှိပဲ ရှင်လင်းနေမယ်ဆိုရင် ကိုလုပ်ရမဲ့ အလုပ်ကို ကောင်းကောင်း သိလာလိမ့်မယ်။ အလုပ် စလုပ်ရအောင် ဆိုတော့ ကိုလုပ်ရမယ့် အလုပ်ကိုသိဖို့လိုတယ်လေ။ ကိုယ်လုပ်ရမဲ့ အလုပ်ကို သိဖို့ကိုယ်စိတ်က ကြည်လင်နေဖို့ လိုလိမ့်မယ်။

စိတ်ကိုတည်ငြိမ်အောင် လုပ်လို့မရဘူးဆိုရင်တော့ တရားထိုင်ပစ်လိုက်။ ဒါအကောင်းဆုံး နည်းလမ်းပဲ။ တစ်နေ့ကို ၁၀မိနစ်လောက် ဖြစ်ဖြစ်ပေါ့။ ရအောင်လုပ်ရင် ရပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ရတနာ(၃)ပါးကို စိတ်ထဲမှာ အမြဲဦးထိပ်ထား။

ပြီးရင် ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အောင်မြင်မှု ရရှိလာရင် Forwhom ဘယ်သူအတွက်လဲ.။ ဘယ်သူအတွက် ဒီအလုပ်ကိုလုပ်တာလဲ။ မိဘအတွက်လား ဇနီးမယား၊ စားဝတ်နေရေး အတွက်လား ကိုယ်ကိုတိုင် အတွက်လား ... အဲဒါကို စိတ်ထဲမှာ သိတားဖို့ လိုအပ်တယ်လေ။ အဲဒီ ရည်မှန်းချက်၊ ရည်ရွယ်ချက်လေးရှိမှ အလုပ်လုပ်ရတာ အားပါမှာပေါ့... စိတ်ရဲ့ ခွန်အားပေါ့။

စိတ်လည်း တည်ငြိမ်ပြီ ကိုယ်လုပ်ရမဲ့ အလုပ်ကိုလည်းသိပြီ၊ ဘယ်သူ့ အတွက်လုပ်တယ်ဆိုတာလည်း သိပြီဆိုရင် လုပ်မယ့်အရာကို Decision ချလိုက်၊ ဘယ်အဆင့်က စလုပ်ရမယ်ဆိုတာကို လေးလေးနက်နက် စဉ်းစား။ အဆင့်လိုက်ကို အသးစိတ်စဉ်းစား.. အားနည်းချက်ကို ပြင်ဆင်ထား ။ ဒီအလုပ်မှာ ကိုယ်ထက် တက်ကျွမ်းတဲ့သူ ကိုမေးပါ ။ မေးဖို့ကို နှုတ်တွန့်မနေနဲ့ ကြောက်မနေနဲ့။ အခွင့်အရေး လက်လွတ်သွားမယ်။ နှစ်ခါမရဘူး။

ကြီးမားတဲ့ အားနည်းချက်တွေ့လို့ စိတ်ပျက် အားလျှော့ မသွားနဲ့။ စိတ်ဓါတ် ခိုင်မာနေရမယ်။ စိတ်ဓါတ် ကျသွားရင် ကျနေရင် စိတ်တည်ငြိမ်မှု ပြန်ယူလိုက်၊ ပြီးရင် စိတ်ရဲ့ ခွန်အားနဲ့ အားနည်းချက်ကို ပြန်ပြင်ဆင်ပါ ၊ အားနည်းချက် ပျောက်သွားလိမ့်မယ်။

လောဘကြီးပြီး စွတ်မလုပ်နဲ့၊ အမှားတွေ့တက်တယ်။ တက်နိုင်ရင် ဖြေးဖြေးမှန်မှန်ပေါ့။

အောင်မြင်မယ်လို့ စိတ်ထဲမှာ ယုံကြည်ချက် ရဲရဲကြီးထားလိုက်။ သေချာပေါက် အောင်မြင်လိမ့်မယ် ၊ သံသယ မရှိနဲ့။

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Tuesday, March 25, 2008

ဘလော့ဂါ တစ်ယောက်ဖြစ်လာခြင်း

ကျွန်တော်က အတွေးသမား တစ်ယောက်ပါ။ တွေးခေါ်ရတာ၊ စဉ်းစားရတာကို သဘောကျတယ်။ စာဖတ်ရတာကို ၀ါသနာပါတယ်။ အထူးသဖြင့် နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာစကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ပိုကြိုက်တယ်။ စာဖတ်ပြီးစဉ်းစားတယ်။ အရမ်းကြိုက်ရင် ကူးထားတယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် ကိုယ်ပိုင် ဒဿနတွေရေးတယ်။ ကိုယ့်အတွေးတွေ၊ ကိုယ့်အမြင်တွေရေးလေ့ရှိပါတယ်။ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ တိုးတက်ရေး မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဒဿနတွေ ပါလာတက်တယ်။ အခု နောက်ပိုင်းတော့ မရေးဖြစ်တော့ပါဘူး။ ဘလော့တွေကိုတော့ ဖတ်ဖြစ်ပါတယ်။ တော်တော်များများကို ဖတ်ဖြစ်ပါတယ်။ အခုလည်း အစ်ကိုကြီးတစ်ယောက်ရဲ့ ကောင်းမှုကြောင့် ဘလော့ရေးဖို့ကို စိတ်ဝင်စားလာတာပါ။ ဘာကြောင့် ဘလော့ ရေးရတယ်လို့တော့ အကြောင်းပြချက် မရှိပါဘူး။ ဘယ်သူတွေ ဖတ်ရအောင် ဆိုပြီးလည်း အကြောင်းပြချက် မရှိပါဘူး။ ကျွန်တော့် စိတ်ထဲမှာရှိတာတွေကို၊ ကျွန်တော့် အတွေးထဲမှာ ရှိတာတွေကို လက်ကချရေးသွားမှာပါ။ ဘယ်သူတွေ လာလည်တာ၊ လာဖတ်တာကို အဓိက မထားဘူးဆိုပေမယ့် ပရိတ်သတ်ရဲ့ လက်ခံမှု အတိုင်းအတာ တစ်ခုကိုတော့ ဘယ်ဘလော့ဂါမဆို လိုချင်တာပါပဲ။ ကျွန်တော်လဲလူပဲ ကျွန်တော်လည်း လိုချင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ထည်း ကြိတ်တွေးပြီး ကြိတ်ရေးရတာကို ပိုသဘောကျတယ်။ အခု လောလောဆယ်တော့ ဘလော့ရေးနည်းကို သင်ကြားနေတဲ့ ကာလပေါ့ဗျာ။ ဒါကတော့ ကျွန်တော့ ဘလော့ရဲ့ ပထမဆုံးပိုစ့်ကို တင်လိုက်တာပါ။ ဆက်လက်ကြိုးစားသွား မှာပါ။ လာလည်ကြတဲ့ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။ ကျွန်တော့်ကို လည်း လက်တွဲ ခေါ်ပေးကြဖို့ မေတ္တာရပ်ခံ ပါရစေ။

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...