..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Wednesday, July 16, 2008

လူနာတစ်ယောက်ရဲ့ အတွေးအခေါ်…

နေရာက ကယ်လီိဖိုးနီးယား ပြည်နယ်၊ ဆေးရုံငယ်လေး တစ်ခု.. ကျဉ်းကြပ်လှတဲ့အခန်းလေး ထဲမှာ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူမမာ နှစ်ယောက်….ဘယ်လို လူမမာ တွေလဲ ဆိုရင် တစ်ယာက်သောသူက ကုတင်ပေါ် ပက်လက် မျက်လုံးတွေ ပိတ်ထားပီး ဖွင့်လို့လဲ မရလောက်အောင် ခံစားနေရတဲ့ ဝေဒနာ ဆိုးကြုံတွေ့နေရတဲ့သူ….ကုတင်ပေါ်မှာပဲ ကျောခင်းနေရတဲ့သူ၊ နောက်တစ်ယောက်ကတော့ ကုတင်ပေါ်က ဆင်းလို့မရဘူး .. ထိုင်လို့ပဲ ရတယ်.. နှစ်ယောက်လုံးကတော့ နာတာရှည် ဝေဒနာ ဆိုးတွေ နဲ့ပေါ့….
အခန်းရဲ့ အနေအထားကလဲ အရမ်းကျဉ်းပီး ပြူတင်းပေါက်လေး တစ်ပေါက်သာရှိတယ်… တစ်ယောက်သော လူနာကတော့ ပြူတင်းဘေးက ကုတင်လေးမှာ နေရတာပေါ့… ကုတင်ပေါ်မှာ ကျောခင်းနေရတဲ့တစ်ယောက် ကတော့ ပြူတင်းပေါက်နဲ့ဝေးတဲ့ ကုတင်မှာပဲ နေရတယ်…. တစ်နေ့လုံး သူတို့ စကားတွေပြောကြတယ်.. သူတို့ သားသမီးတွေ အကြောင်း၊ စီးပွားရေးအကြောင်း၊ မိန်းမတွေ အကြောင်း… ရောက်တက်ရာရာပေါ့…. ဒီလိုပြောရင်း နဲ့ပဲ သူတို့ရဲ့နေ့ရက်တွေ ကို ဖြတ်သန်းလာကြတာ…
ဒီလိုနဲ့ နေခင်းဘက်တွေ ဆို ပြူတင်းပေါက်ဘေးက လူက ထထိုင်ပြီးတော့ သူတွေ့သမျှ မြင်သမျှကို ပြောပြတယ်.. ပက်လက်လှန်နေတဲ့ လူမမာ ကတော့ သူပြောမှပဲ အပြင်လောကကြီးရဲ့အရောင်တွေ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေတော့တယ်…

ပြူတင်းပေါက်မှာ ထိုင်နေတဲ့ သူကပြောတယ်..”အိုး..အလွန်သာယာတဲ့ ရေကန်ကြီးပဲဗျာ…ပီးတော့ ပန်းခြံလေး တစ်ခုဗျ.. ပန်းခြံထဲမှာလဲ ပန်းတွေပွင့်နေတာ အရောင်စုံပဲ … ရေကန်ထဲမှာလဲ ဘဲတွေ အများကြီးပဲဗျာ…ကလေးတစ်သိုက်ကတော့ ရေကန်ထဲမှာ လှေလေးတွေ လုပ်ပီး လွှတ်နေကြလေရဲ့… ဟော.. ဟိုချစ်သူ စုံတွဲကတော့ ပန်းခြံထဲမှာ လက်ချင်းချိတ်ပီး လမ်းလျှောက်နေလေရဲ့ဗျာ.. ဟိုးခပ်ဝေးဝေးမှာ ဘုရားကျောင်း ကြီးတစ်ခု ကိုလဲ မြင်နေရတယ်ဗျာ…” … အဲလို ပြူတင်းပေါက်က ထိုင်နေတဲ့ သူက သူမြင်သမျှကို သူ့သူငယ်ချင်း အတွက် သေသေချာချာ ပြောပြတယ်… ကုတင်ပေါ်က လူနာကလဲ သူပြောသမျှတွေ ကို စိတ်ကူးတွေ ယဉ်ပီး မျက်လုံးထဲမှာ ပုံဖော်ပီး ကြည်နူးနေရရှာတာပေါ့… ဟော ..နောက်တစ်နေ့ကျတော့ ပြူတင်းပေါက်နား က လူနာက ဘုရားကျောင်း မှာ လူတွေလာပီး ၀တ်ပြုနေတာ ကိုပြောပြပြန်တယ်… နောက်ရက်တွေ တစ်ဖြေးဖြေးကြာလာတာနဲ့ ပက်လက်လှန် လှဲနေရရှာတဲ့ လူနာ စိတ်ထဲမှာ အတွေးတစ်ချို့ဝင်လာတယ်.. ဘာလဲ ဆိုရင် “ဟိုလူနာကျတော့ ပြူတင်းပေါက်နဲ့ နီးတဲကုတင်မှာ နေရတယ်… သူကျတော့ အပြင်ကို မြင်ရပီး ငါ့ကျတော့ မမြင်ရပါ့လားပေါ့”… သူအရမ်း သူ့ကိုယ်သူ အားငယ်သွားတယ် … သူကိုယ်သူ အကန်းတစ်ယောက် ဖြစ်နေပါ့လား လို့တောင် တွေးမိတယ် ..သူ့ကိုယ်သူတောင် ရှက်မိတယ်.. ဟိုလူနာ ကိုလဲ မနာလို ဖြစ်လာတာပေါ့… ဒါပေမဲ့ သူ့စိတ်ကို သူထိန်းလိုက်တယ်… ဒါမနာလို ဖြစ်စရာလား.. သူပြောပြလို့ ငါသိနေရတာ .. ငါအသက်ဆက် ရှင်ချင်စိတ်တွေ ဖြစ်နေတာပါ့လားပေါ့…
ဒါပေမဲ့ ရက်တွေ တစ်ဖြေးဖြေး ကြာလာတာနဲ့ အမျှ သူရဲ့ မနာလို စိတ်က ပေါ်လာတယ် … ကြီးထွားလာတယ်… သူလဲ အပြင်ကို ကြည့်ချင်နေမိတယ်.. နောက်တော့ သူဟာ စားလည်း ဒီစိတ်.. အိပ်လည်း ဒီစိတ်ကြီးနဲ့ အိပ်တယ်… အိပ်မက်ထဲတောင် ဒီအကြောင်းတွေ ကို အိပ်မက်မက်တယ်… သူအရမ်း အပြင်ကို ငေးကြည့်ချင်တယ်… သူ့ဘ၀မှာ ပြတင်းဘေးက ကုတင်လောက်မက်မောစရာ မရှိတော့သလိုကြီးဖြစ်လာတယ်… သူဝေဒနာ လဲ သက်သာခါနီးလာပီလေ…
ဒီနေ့ နေ့လည်ခင်းမှာတော့ ပြူတင်းပေါက်က လူနာဟာ ခေါင်းအုံးလေး ကိုကျောမှီရင်း သူမြင်သမျှတွေ ကိုပြောရှာနေတယ်.. ဒါပေမဲ့ သူအသံဟာ အားနည်းလို့ သိပ်မကြားရဘူး .. သူပြောနေတာတွေတော့ လိပ်ပြာလေးတွေ ဒီနေ့ မတွေ့ရဘူး.. ရာသီဥတု ကသာယာလွန်းတယ်… ကောင်းကင်မှာ စွန်လေးတွေ ၀ဲပျဲနေတယ်.. သူအသံတွေတိုးလွန်းနေတော့ ပက်လက်လှန်လှဲ နေရတဲ့ လူမမာလဲ သိပ်မကြားရရှာဘူး….. သူအားနေတာ ဖြစ်မယ်.. သေပလေ့စေ.. သူသေမှ သူပြောနေတာတွေ ငါကြည့်ရမှာ ဆိုပီး တွေးလိုက်မိတယ်….. နောက်တော့ ဟိုလူနာ သူ့ဘက်ကိုလှည့်ပီးပြောတယ်.. “သူငယ်ချင်း ကြိုးစားပြီး အားတင်းထားပါ .. ငါတို့ ဒီဆေးရုံကနေ အကောင်းပတိ ပြန်ဆင်းသွားနိုင်မှာပါ”တဲ့… နူးညံတဲ့ အားပေးစကားပါပဲ..
အဲဒီနေ့ည ပက်လက်လှန်လှဲနေတဲ့ လူနာ ဟာ မျက်နှာကျက်ကို မော့ကြည့် ပီး သူ့ရဲ့ အိပ်မပျော်တဲ့ ညကို ဖြတ်သန်းနေချိန်မှာပဲ… တစ်ဖက်ကုတင်ကလူဟာ ချောင်းတွေတအားဆိုးလားတော့တယ်… သူ့အဆုတ်ကအတော် ဒုက္ခပေးနေတာမို့ ချောင်းဆိုးချိန်မှာ အဆုတ်ထဲကအရည်တွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်….တစ်ဖက်ကုတင်က ပက်လက်လှဲနေတဲ့သူဟာ အခန်းဖော်ကို အသာလေးကြည့်လိုက်တယ်…..ချောင်းဆိုးရင်း ပြတင်းဘေးက လူမမာဟာ အရေးပေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့ရတယ်…. ပက်လက်လှဲနေတဲ့သူဟာ မလှုပ်မယှက်ငြိမ်နေတယ်…. အမှန်ဆို သူ့ကုတင်ဘေးက အရေးပေါ်ခေါင်းလောင်း ခလုတ်လေးကို လှမ်းနှိပ်ပေးလို့ ရတာကို သူမလုပ်ပေးခဲ့ဘူး….
ငါးမိနစ်လောက်တောင်မကြာလိုက်ပါဘူး…. ပြတင်းနားကလူဆီက ဘာအသံမှမကြားရတော့ဘူး… နောက်တစ်ရက်မိုးလင်းတဲ့အခါမှာ တာဝန်ကျသူနာပြုဟာ အသက်ကင်းမဲ့သွားပြီ ဖြစ်တဲ့ အလောင်းကို အခန်းထဲကနေ ထုတ်ဖို့ စီစဉ်လိုက်တယ်…
နောက် အားလုံးနေသားကျလောက်တဲ့ အချိန်ရောက်တော့ တစ်ယောက်ထဲ ကျန်တဲ့ လူမမာဟာ သူ့ ကို ကုတင်ပြောင်းပေးဖို့ သူနာပြုဆရာ မကို တောင်းပန်ပြောဆိုတယ်.. ဆရာမကလဲ ပြောင်းပေးလိုက်တာပေါ့…. သူဟာ ကုတင်ပေါ်ကို ရောက်တယ် ဆိုရင်ပဲ သူမှာ ရှိတဲ့အားနဲ့ ထဖို့ကြိုးစားတယ်.. သူတွေ့ချင်တဲ့ လောကကြီး ကို သူတွေလိုလှပြီလေ…သူတစ်ဖြေးဖြေး အားပြုပီး ကိုယ်တစ်ပိုင်းကြွလိုက်တယ်… ပြူတင်းပေါက်ကနေ အပြင်ဘက်ကို သူအားတက်သရော လှမ်းကြည့်လိုက်တယ်…
“ဟာ”… သူနှုတ်က ရေရွတ်သံ ထွက်လာတယ်… သူမြင်လိုက်ရတာက သူမျှော်လင့်ထားတဲ့ ရေကန်ကြီးရယ် ၊ လှပတဲ့ပန်းခင်းတွေရယ် မဟုတ်ဘူး… ဘာမှ အရောင်အဆင်းမရှိတော့တဲ့ ဆေးရုံနံရံကြီးတစ်ခုဖြစ်နေလေရဲ့..့သူ စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်ပြန်လှဲရင်း ဟိုလူဘာကြောင့် အဲ့လိုတွေပြောသွားတာလဲ ဆိုတာကို တာတွေးနေမိတယ်…. သူစဉ်းစားလို့မရတဲ့ အဆုံးမှာ သူနာပြုဆရာမကို သူမေးကြည့်တယ် … ဟိုသေသွားတဲ့ သူ ဘာလို့ သူ့ကို အဲလို မဟုတ်တာတွေ ကိုပြောဆိုသွားရတာလဲပေါ့… သူနာပြုဆရာမလဲ အစ ကတော့ ကြောင်သွားတယ်…
နောက်သူနာပြုဆရာမ က ဖြေးဖြေးချင်းပြောတယ်… “သေသွားတဲ့ လူနာက မျက်မမြင်တစ်ယောက်ပါ.. သူက ရှင့်ဝေဒနာ အတွက် အားပေးချင်တဲ့ စိတ်နဲ့အဲလို ပြောသွားတာ နေမှာပေါ့..” တဲ့…

မှတ်ချက်။ ။ဒီအကြောင်းအရာလေး ကိုဖတ်ပီး ဘယ်လို နားလည်လဲ ..ဘယ်လို အကျိုးရှိသွားလဲ ဆိုတာ အကြံပြုသွားစေချင်တယ်…





ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Thursday, July 10, 2008

ဝေးတစ်မြေမှ သားငယ်သို့…..

သားငယ်…
ဟိုနိုင်ငံရပ်ခြားမှာ ပျမ်းမျှ (၃) နှစ်ဆိုတော့ For a long time …အဲဒီတော့ သား old age (death) က အဖေ့ကို စောင့်နေပြီကွ... သားပြန်လာရင် အဖေ ရှိချင်မှ ရှိမယ် .. မရှိရင် မရှိဘူး.. why? …Eveything is changing and changable .. အရာရာ ဟာပြောင်းလဲ နေတယ်.... မတည်မြဲပါ.. ဒီစာဟာ အဖေ့ ရဲ့ နောက်ဆုံးစာလဲ ဖြစ်နိုင်တယ်…အခု ပြောမဲ့ အဖေစကားက သားဘ၀ ရဲ့လမ်းညွန်ပါပဲ….
၁) နေ့တိုင်းကြိုးစားရမယ်..
၂) ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား မနေပါနဲ့…
၃) သီးခံခြင်းဟာ အောင်မြင်မှုပဲ…
၎) ရည်မှန်းချက်ကို မြင့်မြင့်ထား ..
၅) ငွေတွေ အများကြီး အကုန်ကျခံ ရင်တောင် မရောက်နိုင်တဲ့ နိုင်ငံ ရပ်ခြားမှာ For future studies အတွက် ထူးချွန်ပါစေ..
၆) သားနဲ့ သားပတ်ဝန်းကျင်မှာ သားဟာ outstanding ဖြစ်နေရမယ်..
၇) စာများများဖတ်..
၈) Ranking Officer ဖြစ်တော့ နေထိုင်၊ ပြောဆို ၊ ပြုမှုခြင်းကို ဆင်ခြင်ပါ…
ကဲဒါက ပညာရေးပါ …
စီးပွားရေးအတွက်

ရာထူးကြီးရင် ငွေများမယ်..ငွေမမက်နဲ့.. ပြီးရင် အသက်မွေးဝမ်းကျောင်း အတက်ပညာ တစ်ခု တက်ထားပါ.. ဒါဆိုရင် သားဘ၀ အတွက် ဖူလုံပြီ…
ကဲ အိမ်ထောင်ရေးသား … သားဘ၀ In your future မှာ အိမ်ထောင်ဘက် အရွေးမှားရင် မင်းဘ၀ ပျက်မယ်… ဒီစကား က ကြိုပြောတာ.. ကြိုဟောထားတာပါ .. စိတ်အလို ကို မလိုက်မိပါစေနဲ့… ပညာစုံနေရင် ကြင်ယာ ပုံနေတက်ပါတယ်သား… လူတစ်ယောက်ရဲ့ ဘ၀ (ယောင်္ကျားတစ်ယောက် ရဲ့ ဘ၀) ကို အဆုံးအဖြတ်ပေးမှာ က အိမ်ထောင်ရေး ပါ… Matrimonial Life ..
ကဲ ဒါပါပဲ…..
သားဘ၀ အောင်မြင်ပါစေ…..

ကျွန်တော့် အဖေနဲ့ အမေ ကို ကန်တော့ပြီး အိမ်က အထွက် မှာ “ငါ့မောင်.. နင့်အတွက် အဖေစာရေးပေးလိုက်တယ်…. ရော့ .. ဟိုရောက်ရင် ဖတ်ကြည့်ပေါ့..”တဲ့.. ကျွန်တော် နဲ့အတူ ပညာသင်နေတဲ့ ညီနောင်တွေ အားလုံးအတွက်(တစ်ခြားတစ်ခြား နိုင်ငံတွေမှာ ပညာသင်နေတဲ့ သူတွေအတွက်) အဖေ့ ရဲ့ဆုံးမ စကားကို မျှဝေလိုက်ပါတယ်….
လမ်းပြကြယ်

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Tuesday, June 17, 2008

ဆန္ဒ နှင့် အတွေးအခေါ်

တစ်ခါက အရုပ်ဝယ်ပေးဖို့ ပူဆာနေတဲ့ သားငယ်ကို သူ့ အမေက အရုပ်ဝယ်ပေးဖို့ ပွဲဈေးတစ်ခု ကိုလာကြတယ်… ဈေးကလဲ အကျယ်ကြီးပေါ့… ကလေးလေးကလဲ မျက်စိသူငယ် နားသူငယ်လေးနဲ့ လိုက်လာတာပေါ့.. ဒါပေမဲ့ သူပျော်နေတာ.. ပျော်မှာပေါ့ .. သူလို ချင်တဲ့ အရုပ်ကို ၀ယ်ပေးမှာ ကိုး…. ပွဲဈေးကို ရောက်ရောက်ချင်း ဆိုင်လေး တစ်ဆိုင် … အရုပ်ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင်ပေါ့… အဲဒီ ဆိုင်လေး ကိုလဲ တွေ့ရော ကလေးလေး ရဲ့ မျက်လုံးလေးတွေ အရောင်လက်သွားတယ်… သူလိုချင်တဲ့ အရုပ်ကို အသဲ အသန်လိုက်ရှာတယ်… အား ..ပါး ..ပါး.. တွေ့ပါပီ .. သူလို ချင်တဲ့ အရုပ်လေး…. သူ့အမေ ကိုမော့်ကြည့်လိုက်တယ်.. သူလို ချင်တာတွေ့ပီ ဆိုတဲ့ သဘောပေါ့…အမေ လုပ်တဲ့ သူကလဲ သူသားကို တစ်ချက်ကြည့်တယ်.. သား ဘာလို ချင်တယ်ဆိုတာ အမေ သိတယ် ဆိုတဲ့ သဘော့ပေါ့..
ဒါပေမဲ့ အမေလုပ်တဲ့ သူက မသိချင်ယောင်ဆောင်ပီး ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်လိုက်တယ်…. ကလေး က မနေနိုင်တော့တဲ့ အဆုံးမှာ သူ့ အမေ ကိုပြောတယ်.. “အမေ သားလိုချင်တဲ့ အရုပ် ကလေး ဒီဆိုင်မှာ ရှိတယ်.. ၀ယ်ပေးတော့လေ”.. တဲ့.. ကလေး အမေ က သူ့သား ကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်.. ပြီးတော့ “ဒို့ရှေ့ ကိုဆက်သွားကြရအောင်..သား”..တဲ့ ….
ငိုမဲ့မဲ့ နဲ့ကလေး သူ့အမေနောက်က လိုက်လာတယ် … ဟော.. နောက်ဆိုင်ရှေ့မှာ ရပ်ပါပြီ.. ကလေး မျက်လုံးလေးတွေ က စွန်တစ်ကောင်ရဲ့ မျက်လုံးလို သူလို ချင်တဲ့ အရုပ်ကို သဲကြီးမဲကြီး လိုက်ရှာတယ်… တွေ့ပြီ… ဒီတစ်ခါတော့ အမေ ၀ယ်ပေးတော့ .. ဆိုတဲ့ သဘောနဲ့ သူ့အမေ ကိုကြည့်တယ်… အမေ ကပြုံးလိုက်တယ်.. ပြီးတော့ အရုပ် ကို ကိုင်ကြည့်တယ်… အပြစ်အနာ အဆာ ရှိ၊ မရှိ ကြည့်တာပေါ့…ပြီးတော့ အရုပ် လေး ကိုပြန်ချလိုက်တယ်.. ရှေ့ဆက်သွားဖို့ ခြေလှမ်းတွေ ပြင်တယ်… ကလေး ကတော့ ငိုချင်လာပြီ.. သူဒီနေ့ အရုပ် ရမှ ရပါ့မလား ပေါ့… ဆက်လိုက်လာတယ်… သူအမေနောက် ကနေ..


နောက်တစ်ဆိုင် ၀င်တယ်.. ပြန်ထွက်သွားပြန်တယ်… မ၀ယ်ပြန်ဘူး…နောက်တစ်ဆိုင်.. နောက်တစ်ဆိုင်….. ဒီလိုနဲ့ သူတို့ ဈေထဲက ပြန်ထွက်လာတော့ ကလေး လက်ထဲမှာ ကလေးလေး ရဲ့လက်ထဲမှာ ချစ်စရာ အရုပ်လေးတစ်ရုပ်ကို ကိုင်လို့.. အပြစ်အနာ အဆာကင်းပြီး သင့်တော်တဲ့ ဈေးနှုန်းထား နဲ့ ချစ်စရာ အရုပ်ကလေးပါ… ကလေး လေးလဲပျော်လို့ … သူအမေ လက်ကလေး ကို ဆွဲလို့ … သူအမေ ပြောလိုက်တဲ့ စကားလေး တစ်ခွန်း ကလဲ နားထဲမှာ စွဲနေတာပဲ ..
“ကလေး .. နောက်တစ်ခါ ဆိုရင် သားဘ၀မှာ ဘာပဲ ရွေးချယ် ရပါစေ .. ဆန္ဒစောပြီး ဘာမှ မရွေးချယ်နဲ့ .. တကယ်လို့ ရွေးချယ်မိရင် အကောင်းထက် အဆိုးတွေပဲ ရလိမ့်မယ်”… တဲ့

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...

Sunday, June 1, 2008

အသိဉာဏ် နှင့် အတွေးအခေါ်

ရာသီဥတုက နွေခေါင်ခေါင်… ပူလိုက်တဲ့နေကလည်း အသားတွေတောင် ကွဲအက်မတက်ပဲ.. ရောက်နေတဲ့ နေရာ ကန္တာရ လွင်ပြင်ကျယ်ကြီး… လေကလည်းမတိုက်ဘူး… တစ်ခါတစ်ရံ တိုက်လိုက်တော့ သဲအပူတွေ ကို သယ်လာတဲ့ လေပူပူကြီးတွေ.. ယိုင်နဲ့ နေတဲ့ ခြေလှမ်းတွေ နဲ့ ဖြေးဖြေးချင်း လျှောက်လှမ်းလာ တဲ့ လူတစ်ယောက်..
ဟော.. ကြည့်နေတုန်းမှာပဲ အဲဒီလူ လဲကျသွားတယ်..ပြီးတော့ ကုန်းပီးပြန်ထတယ်.. ဆက်လျှောက်တယ်.. သနားစရာ ခရီးသည်တစ်ယောက်ပဲ.. သူနှုတ်ခမ်းတွေ ခြောက်သွေ့နေတာပဲ… သူ အတော်ရေဆာနေတဲ့ပုံပဲ.. ရေမသောက်ရရင် သေချာတယ်.. သူသေသွားနိုင်တယ်.. သူဘာလို့လမ်းလျှောက်နေတာလဲ.. ဘာကြောင့်ဒီလောက် ပူလောင်တဲ့ နေရာမှာ လမ်းလျှောက်နေတာလဲ ..


သူသောက်ဖို့အတွက်ရေ ရှာနေတာ … ဟိုးခပ်ဝေးဝေးမှာ ဟိုဟောင်းပြီး ယိုင်နဲ့နေတဲ့ အမိုးမရှိတော့တဲ့ တဲတစ်လုံး ကိုတွေ့သွားပီ.. သူအဲဒီ ကိုရောက်အောင်သွားဖို့ အင်အား ရှိပါ့မလား…သူခြေလှမ်းတွေ အဲဒီကို ဦးတည်နေတယ်.. သူမျက်လုံးတွေ ညိုးငယ်နေတယ်.. သူအတွက် ရေဟာ အရေးကြီးနေတယ်… ကြည့်ပါဦး .. တဲ ရှေ့ကိုရောက်ခါနီးမှ သူလဲကျသွားပီ… သူတဲ ကိုကြည့်တယ်.. သေချာစိုက်ကြည့်နေတယ်.. သူမျက်လုံးတွေ တဖြည်းဖြည်းနဲ့ အရောင်တောက်လာတယ်.. တဲရှေ့မှာ ရေပုံး အဟောင်းတစ်ခု ကို သူမြင်သွားတာ… သူရဲ့နောက်ဆုံးကျန်တဲ့ အင်အားတွေ နဲ့ သူတဲ ရှေ့ ကို ရောက်အောင်သွားတယ်… သူရောက်သွားပီ.. သူရေပုံး နားကို ရောက်သွားပီ..
သူ့မျက်လုံးတွေ မှိတ်ထားတယ် .. သူဆုတောင်းနေတယ်.. ရေပုံးထဲမှာ ရေရှိပါစေပေါ့… သူမျက်လုံးတွေ ဖြေးဖြေးချင်း ဖွင့်လိုက်တယ်.. သူတွေ့သွားပီ.. သူတောင်းတ ငတ်မွတ်နေတဲ့ ရေကို သူတွေ့သွားပီ…သူတစ်ယောက် ကောင်းကောင်း သောက်လို့ ၀တဲ့ အတိုင်းအတာ လောက် ရေရှိတယ်လေ...သူရေထဲ ကို လက်နှိုက်လိုက်တယ်.. သူလက်ကို ပြန်ထုတ်လိုက်ပြန်ပီ.. သူရေမသောက်သေးဘူး.. သူစဉ်းစားနေတယ်.. သူဘာကို စဉ်းစားနေတာလဲ..
အော်… ရေပုံးမှာ ရေးထားတဲ့ စာကြောင့်စဉ်းစားနေတာကိုး… ဘာရေးထားတာပါလိမ့်.. “မိတ်ဆွေ.. ဤရေကို မသောက်ပါနှင့်.. ဤရေဖြင့် ဘေးမှာ ရှိသော ရေတိုင်ဂီ ထဲမှ ရေကို ချူယူပါ..”
သူဘေးမှာ ရှိတဲ့ ရေတိုင်ဂီ ကို ကြည့်လိုက်တယ်.. ဟင်း...ကြည့်ပါဦး .. ခြောက်သွေ့နေတာပဲ.. ဒီလောက် ခြောက်သွ့နေတဲ့ ရေတိုင်ဂီ ကရေလာပါ့မလား… သူ့အတွက် ရေရနေပီပဲ…သူကောင်းကောင်းကြီး ၀အောင်သောက်လို့ရပီလေ.. သူ့ကိုကြည့်ပါဦး.. သူမျက်လုံးတွေ စုံမှိတ်ထားတယ်..သူစွန့်စားတော့မယ်ထင်တယ်… ဟုတ်တယ် သူစွန့်စားနေပီ.. သူရေတိုင်ဂီ ထဲကို ရေတွေ လောင်းထည့်နေပီ.. ရေတွေ ၀င်သွားပီ.. သူအတွက် ရေလုံးဝ မကျန်တော့ဘူး.. သူနှဖူးပေါ်က ချွေးတွေ သုတ်လိုက်တယ်.. သူ ရေစပြီး ချူနေပီ.. တက်လာတဲ့ရေသံကို သူမကြားရသေးဘူး.. ဂလောက် .. ဂလောက်နဲ့ သူဆက်ပီး ရေချူနေတယ်… သနားစရာပဲ … ချူမဲ့ ရေကို သူသောက်လိုက်ရင် ဘာမှ စွန့်စားနေစရာ မလိုတော့ဘူး.. ဟော. သူပြုံးသွားညပြီ.. သူရေသံကြားနေရပီ.. သူလက်တွေ ပိုသွက်လာတယ်.. ရေပိုက်ကနေ ရေတွေ ကျလာမှာ ကို သူမျှော်လင့်တကြီး ကြည့်နေတယ်..
ဟော.. ကျလာပါပြီဗျာ.. သူတောင်းတ မျှော်လင့်နေတဲ့ ရေတွေ သူရှေ့ ကို ရောက်နေပါပီ.. သူအရမ်းပျော်နေတယ်… မပျော်ပဲနေမလားဗျာ.. သူအသက်ဆက်ရှင်သွားပြီလေ.. သူရေသောက်နေတယ် .. ပြီးတော့ သူရေပုံး ကို ကြည့်နေတယ်.. သူရေပုံးထဲ ကိုရေပြန်ထည့်တယ်.. ပြီးတော့ ရေပုံးမှာ စာထပ်ရေးနေတယ်…. ပြီးသွားပြီး .. သူခြေလှမ်းတွေ တဲနဲ့ ဝေးတဲ့ ဆီကို ဦးတည်နေတယ်.. သူထွက်သွားပီ.. အားအင်အပြည့်ရှိတဲ့ခြေလှမ်းတွေနဲ့ပေါ့… သူထပ်ရေးသွားတဲ့ စာကို ကြည့်လိုက်ပါဦး .. ဘာထပ်ရေးသွားလဲ ဆိုတာ.. “တကယ်ဗျ… ကျွန်တော် လက်တွေ့ပါပဲ..” …တဲ့။ …။
စကားချပ်။ ။ ကဲ….မိတ်ဆွေ.. အသင်ဆိုရင်ရော ဒီလို အခြေအနေမျိုးကြုံတဲ့ အခါ ရေချူရဲတဲ့ သတ္တိရှိပါ့မလား…။

ဆက်လက်ဖတ်ရှူ့နိုင်ပါရန်...