..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Wednesday, July 16, 2008

လူနာတစ်ယောက်ရဲ့ အတွေးအခေါ်…

နေရာက ကယ်လီိဖိုးနီးယား ပြည်နယ်၊ ဆေးရုံငယ်လေး တစ်ခု.. ကျဉ်းကြပ်လှတဲ့အခန်းလေး ထဲမှာ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူမမာ နှစ်ယောက်….ဘယ်လို လူမမာ တွေလဲ ဆိုရင် တစ်ယာက်သောသူက ကုတင်ပေါ် ပက်လက် မျက်လုံးတွေ ပိတ်ထားပီး ဖွင့်လို့လဲ မရလောက်အောင် ခံစားနေရတဲ့ ဝေဒနာ ဆိုးကြုံတွေ့နေရတဲ့သူ….ကုတင်ပေါ်မှာပဲ ကျောခင်းနေရတဲ့သူ၊ နောက်တစ်ယောက်ကတော့ ကုတင်ပေါ်က ဆင်းလို့မရဘူး .. ထိုင်လို့ပဲ ရတယ်.. နှစ်ယောက်လုံးကတော့ နာတာရှည် ဝေဒနာ ဆိုးတွေ နဲ့ပေါ့….
အခန်းရဲ့ အနေအထားကလဲ အရမ်းကျဉ်းပီး ပြူတင်းပေါက်လေး တစ်ပေါက်သာရှိတယ်… တစ်ယောက်သော လူနာကတော့ ပြူတင်းဘေးက ကုတင်လေးမှာ နေရတာပေါ့… ကုတင်ပေါ်မှာ ကျောခင်းနေရတဲ့တစ်ယောက် ကတော့ ပြူတင်းပေါက်နဲ့ဝေးတဲ့ ကုတင်မှာပဲ နေရတယ်…. တစ်နေ့လုံး သူတို့ စကားတွေပြောကြတယ်.. သူတို့ သားသမီးတွေ အကြောင်း၊ စီးပွားရေးအကြောင်း၊ မိန်းမတွေ အကြောင်း… ရောက်တက်ရာရာပေါ့…. ဒီလိုပြောရင်း နဲ့ပဲ သူတို့ရဲ့နေ့ရက်တွေ ကို ဖြတ်သန်းလာကြတာ…
ဒီလိုနဲ့ နေခင်းဘက်တွေ ဆို ပြူတင်းပေါက်ဘေးက လူက ထထိုင်ပြီးတော့ သူတွေ့သမျှ မြင်သမျှကို ပြောပြတယ်.. ပက်လက်လှန်နေတဲ့ လူမမာ ကတော့ သူပြောမှပဲ အပြင်လောကကြီးရဲ့အရောင်တွေ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေတော့တယ်…

ပြူတင်းပေါက်မှာ ထိုင်နေတဲ့ သူကပြောတယ်..”အိုး..အလွန်သာယာတဲ့ ရေကန်ကြီးပဲဗျာ…ပီးတော့ ပန်းခြံလေး တစ်ခုဗျ.. ပန်းခြံထဲမှာလဲ ပန်းတွေပွင့်နေတာ အရောင်စုံပဲ … ရေကန်ထဲမှာလဲ ဘဲတွေ အများကြီးပဲဗျာ…ကလေးတစ်သိုက်ကတော့ ရေကန်ထဲမှာ လှေလေးတွေ လုပ်ပီး လွှတ်နေကြလေရဲ့… ဟော.. ဟိုချစ်သူ စုံတွဲကတော့ ပန်းခြံထဲမှာ လက်ချင်းချိတ်ပီး လမ်းလျှောက်နေလေရဲ့ဗျာ.. ဟိုးခပ်ဝေးဝေးမှာ ဘုရားကျောင်း ကြီးတစ်ခု ကိုလဲ မြင်နေရတယ်ဗျာ…” … အဲလို ပြူတင်းပေါက်က ထိုင်နေတဲ့ သူက သူမြင်သမျှကို သူ့သူငယ်ချင်း အတွက် သေသေချာချာ ပြောပြတယ်… ကုတင်ပေါ်က လူနာကလဲ သူပြောသမျှတွေ ကို စိတ်ကူးတွေ ယဉ်ပီး မျက်လုံးထဲမှာ ပုံဖော်ပီး ကြည်နူးနေရရှာတာပေါ့… ဟော ..နောက်တစ်နေ့ကျတော့ ပြူတင်းပေါက်နား က လူနာက ဘုရားကျောင်း မှာ လူတွေလာပီး ၀တ်ပြုနေတာ ကိုပြောပြပြန်တယ်… နောက်ရက်တွေ တစ်ဖြေးဖြေးကြာလာတာနဲ့ ပက်လက်လှန် လှဲနေရရှာတဲ့ လူနာ စိတ်ထဲမှာ အတွေးတစ်ချို့ဝင်လာတယ်.. ဘာလဲ ဆိုရင် “ဟိုလူနာကျတော့ ပြူတင်းပေါက်နဲ့ နီးတဲကုတင်မှာ နေရတယ်… သူကျတော့ အပြင်ကို မြင်ရပီး ငါ့ကျတော့ မမြင်ရပါ့လားပေါ့”… သူအရမ်း သူ့ကိုယ်သူ အားငယ်သွားတယ် … သူကိုယ်သူ အကန်းတစ်ယောက် ဖြစ်နေပါ့လား လို့တောင် တွေးမိတယ် ..သူ့ကိုယ်သူတောင် ရှက်မိတယ်.. ဟိုလူနာ ကိုလဲ မနာလို ဖြစ်လာတာပေါ့… ဒါပေမဲ့ သူ့စိတ်ကို သူထိန်းလိုက်တယ်… ဒါမနာလို ဖြစ်စရာလား.. သူပြောပြလို့ ငါသိနေရတာ .. ငါအသက်ဆက် ရှင်ချင်စိတ်တွေ ဖြစ်နေတာပါ့လားပေါ့…
ဒါပေမဲ့ ရက်တွေ တစ်ဖြေးဖြေး ကြာလာတာနဲ့ အမျှ သူရဲ့ မနာလို စိတ်က ပေါ်လာတယ် … ကြီးထွားလာတယ်… သူလဲ အပြင်ကို ကြည့်ချင်နေမိတယ်.. နောက်တော့ သူဟာ စားလည်း ဒီစိတ်.. အိပ်လည်း ဒီစိတ်ကြီးနဲ့ အိပ်တယ်… အိပ်မက်ထဲတောင် ဒီအကြောင်းတွေ ကို အိပ်မက်မက်တယ်… သူအရမ်း အပြင်ကို ငေးကြည့်ချင်တယ်… သူ့ဘ၀မှာ ပြတင်းဘေးက ကုတင်လောက်မက်မောစရာ မရှိတော့သလိုကြီးဖြစ်လာတယ်… သူဝေဒနာ လဲ သက်သာခါနီးလာပီလေ…
ဒီနေ့ နေ့လည်ခင်းမှာတော့ ပြူတင်းပေါက်က လူနာဟာ ခေါင်းအုံးလေး ကိုကျောမှီရင်း သူမြင်သမျှတွေ ကိုပြောရှာနေတယ်.. ဒါပေမဲ့ သူအသံဟာ အားနည်းလို့ သိပ်မကြားရဘူး .. သူပြောနေတာတွေတော့ လိပ်ပြာလေးတွေ ဒီနေ့ မတွေ့ရဘူး.. ရာသီဥတု ကသာယာလွန်းတယ်… ကောင်းကင်မှာ စွန်လေးတွေ ၀ဲပျဲနေတယ်.. သူအသံတွေတိုးလွန်းနေတော့ ပက်လက်လှန်လှဲ နေရတဲ့ လူမမာလဲ သိပ်မကြားရရှာဘူး….. သူအားနေတာ ဖြစ်မယ်.. သေပလေ့စေ.. သူသေမှ သူပြောနေတာတွေ ငါကြည့်ရမှာ ဆိုပီး တွေးလိုက်မိတယ်….. နောက်တော့ ဟိုလူနာ သူ့ဘက်ကိုလှည့်ပီးပြောတယ်.. “သူငယ်ချင်း ကြိုးစားပြီး အားတင်းထားပါ .. ငါတို့ ဒီဆေးရုံကနေ အကောင်းပတိ ပြန်ဆင်းသွားနိုင်မှာပါ”တဲ့… နူးညံတဲ့ အားပေးစကားပါပဲ..
အဲဒီနေ့ည ပက်လက်လှန်လှဲနေတဲ့ လူနာ ဟာ မျက်နှာကျက်ကို မော့ကြည့် ပီး သူ့ရဲ့ အိပ်မပျော်တဲ့ ညကို ဖြတ်သန်းနေချိန်မှာပဲ… တစ်ဖက်ကုတင်ကလူဟာ ချောင်းတွေတအားဆိုးလားတော့တယ်… သူ့အဆုတ်ကအတော် ဒုက္ခပေးနေတာမို့ ချောင်းဆိုးချိန်မှာ အဆုတ်ထဲကအရည်တွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်….တစ်ဖက်ကုတင်က ပက်လက်လှဲနေတဲ့သူဟာ အခန်းဖော်ကို အသာလေးကြည့်လိုက်တယ်…..ချောင်းဆိုးရင်း ပြတင်းဘေးက လူမမာဟာ အရေးပေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့ရတယ်…. ပက်လက်လှဲနေတဲ့သူဟာ မလှုပ်မယှက်ငြိမ်နေတယ်…. အမှန်ဆို သူ့ကုတင်ဘေးက အရေးပေါ်ခေါင်းလောင်း ခလုတ်လေးကို လှမ်းနှိပ်ပေးလို့ ရတာကို သူမလုပ်ပေးခဲ့ဘူး….
ငါးမိနစ်လောက်တောင်မကြာလိုက်ပါဘူး…. ပြတင်းနားကလူဆီက ဘာအသံမှမကြားရတော့ဘူး… နောက်တစ်ရက်မိုးလင်းတဲ့အခါမှာ တာဝန်ကျသူနာပြုဟာ အသက်ကင်းမဲ့သွားပြီ ဖြစ်တဲ့ အလောင်းကို အခန်းထဲကနေ ထုတ်ဖို့ စီစဉ်လိုက်တယ်…
နောက် အားလုံးနေသားကျလောက်တဲ့ အချိန်ရောက်တော့ တစ်ယောက်ထဲ ကျန်တဲ့ လူမမာဟာ သူ့ ကို ကုတင်ပြောင်းပေးဖို့ သူနာပြုဆရာ မကို တောင်းပန်ပြောဆိုတယ်.. ဆရာမကလဲ ပြောင်းပေးလိုက်တာပေါ့…. သူဟာ ကုတင်ပေါ်ကို ရောက်တယ် ဆိုရင်ပဲ သူမှာ ရှိတဲ့အားနဲ့ ထဖို့ကြိုးစားတယ်.. သူတွေ့ချင်တဲ့ လောကကြီး ကို သူတွေလိုလှပြီလေ…သူတစ်ဖြေးဖြေး အားပြုပီး ကိုယ်တစ်ပိုင်းကြွလိုက်တယ်… ပြူတင်းပေါက်ကနေ အပြင်ဘက်ကို သူအားတက်သရော လှမ်းကြည့်လိုက်တယ်…
“ဟာ”… သူနှုတ်က ရေရွတ်သံ ထွက်လာတယ်… သူမြင်လိုက်ရတာက သူမျှော်လင့်ထားတဲ့ ရေကန်ကြီးရယ် ၊ လှပတဲ့ပန်းခင်းတွေရယ် မဟုတ်ဘူး… ဘာမှ အရောင်အဆင်းမရှိတော့တဲ့ ဆေးရုံနံရံကြီးတစ်ခုဖြစ်နေလေရဲ့..့သူ စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်ပြန်လှဲရင်း ဟိုလူဘာကြောင့် အဲ့လိုတွေပြောသွားတာလဲ ဆိုတာကို တာတွေးနေမိတယ်…. သူစဉ်းစားလို့မရတဲ့ အဆုံးမှာ သူနာပြုဆရာမကို သူမေးကြည့်တယ် … ဟိုသေသွားတဲ့ သူ ဘာလို့ သူ့ကို အဲလို မဟုတ်တာတွေ ကိုပြောဆိုသွားရတာလဲပေါ့… သူနာပြုဆရာမလဲ အစ ကတော့ ကြောင်သွားတယ်…
နောက်သူနာပြုဆရာမ က ဖြေးဖြေးချင်းပြောတယ်… “သေသွားတဲ့ လူနာက မျက်မမြင်တစ်ယောက်ပါ.. သူက ရှင့်ဝေဒနာ အတွက် အားပေးချင်တဲ့ စိတ်နဲ့အဲလို ပြောသွားတာ နေမှာပေါ့..” တဲ့…

မှတ်ချက်။ ။ဒီအကြောင်းအရာလေး ကိုဖတ်ပီး ဘယ်လို နားလည်လဲ ..ဘယ်လို အကျိုးရှိသွားလဲ ဆိုတာ အကြံပြုသွားစေချင်တယ်…





5 comments:

Anonymous said...

တင်ပြတဲ့အကြောင်းအရာတွေက အရမ်းကောင်းပါတယ်။ အရမ်းလည်း ဖတ်လို့ကောင်းပါတယ်။ ဖတ်၇တာ အနှစ်ရှိတဲ့ပို့စ်တွေပါ ၊ ဒီလိုစာတွေ ဖတ်ရတာ သဘောကျပါတယ်။ ဖတ်ပြီးရင် ခေါင်းထဲမှာ တခုခုရောက်သွားတဲ့စာတွေမို့လို့ပါ. ဆက်ရေးပါ မကြာမကြာ အားပေးပါ့မယ်

ဖူးဖူး said...

တင်ပြတဲ့အကြောင်းအရာတွေက အရမ်းကောင်းပါတယ်။ အရမ်းလည်း ဖတ်လို့ကောင်းပါတယ်။ ဖတ်၇တာ အနှစ်ရှိတဲ့ပို့စ်တွေပါ ၊ ဒီလိုစာတွေ ဖတ်ရတာ သဘောကျပါတယ်။ ဖတ်ပြီးရင် ခေါင်းထဲမှာ တခုခုရောက်သွားတဲ့စာတွေမို့လို့ပါ. ဆက်ရေးပါ မကြာမကြာ အားပေးပါ့မယ်
(အရင် ဘလော့အဟောင်းလိပ်စာနဲ့မှားတင်မိလို့ပါ)

ဇွန်မိုး said...

စိတ်က မကောင်းမှူမှာမွေ့လျော်တယ်တဲ့။လွှတ်ထားတာနဲ့သွားတာပဲ။သူများအပေါ် ကရုဏာထားဖို့လွယ်သလောက် မုဒိတာပွားဖို့ခက်တယ်ဆိုတာဒီမှာပေါ်လွင်အောင်ပြသွားတယ်။စိတ်ကောင်းထားဖို့တပ်လှန့်လိုက်တဲ့ စာတစ်ပုဒ်လို့မြင်ပါတယ်။

Anonymous said...

ဒီဇာတ်လမ်းတိုလေးကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က နိုင်ငံခြား ဝတ္တုတိုများ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ် ။ အဲ့အချိန်ထဲက သဘောကျခဲ့တာ။ စိတ်ထဲမှာ ဘယ်လိုထင်လဲ မေးမယ် ဆိုရင်တော့ သဘာဝရဲ့ ဆန့်ကျင်ဘက် တရား ကို မြင်ရတယ်။ အနိမ့် ရှိသလို အမြင့်ရှိတယ်။ အလင်း ရှိသလို အမှောင်ရှိတယ်။ စိတ်ကောင်းတွေ ရှိသလို စိတ်ယုတ်တွေ ရှိတယ်။ ဒီနှစ်ဖက် ကြားတွေထဲမှာ ဘယ်လို နေထိုင်သွားချင်သလဲ။ ကိုယ့်လမ်းကို ကိုယ်ပဲ ရွေးချယ် တည်ဆောက်နိုင်မယ်။ ကိုယ်ပြုသမျှ ကိုယ်ပဲ နောက်ဆုံး တာဝန်ယူရမှာပဲ ။ ဒီကနေ ဆက်လို့....အတွေးတွေ တစ်သီကြီးပေါ့။

ကျေးဇူးပါ။

Anonymous said...

အရမ်းကောင်းပါတယ် အဓိပ္ပါယ်တွေအများကြီးဆောင်သွားတယ် ဒီပိုစ့်လေးဖတ်လိုက်တာ အသိတစ်ခုဝင်သွားတယ် လူတွေရဲ့ အတ္တ စိတ်ရဲ့ လမ်းဆုံးဟာ နောင်တ တရား ပဲ ဆိုတာကို သိလိုက်ရတယ်