..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Sunday, June 1, 2008

အသိဉာဏ် နှင့် အတွေးအခေါ်

ရာသီဥတုက နွေခေါင်ခေါင်… ပူလိုက်တဲ့နေကလည်း အသားတွေတောင် ကွဲအက်မတက်ပဲ.. ရောက်နေတဲ့ နေရာ ကန္တာရ လွင်ပြင်ကျယ်ကြီး… လေကလည်းမတိုက်ဘူး… တစ်ခါတစ်ရံ တိုက်လိုက်တော့ သဲအပူတွေ ကို သယ်လာတဲ့ လေပူပူကြီးတွေ.. ယိုင်နဲ့ နေတဲ့ ခြေလှမ်းတွေ နဲ့ ဖြေးဖြေးချင်း လျှောက်လှမ်းလာ တဲ့ လူတစ်ယောက်..
ဟော.. ကြည့်နေတုန်းမှာပဲ အဲဒီလူ လဲကျသွားတယ်..ပြီးတော့ ကုန်းပီးပြန်ထတယ်.. ဆက်လျှောက်တယ်.. သနားစရာ ခရီးသည်တစ်ယောက်ပဲ.. သူနှုတ်ခမ်းတွေ ခြောက်သွေ့နေတာပဲ… သူ အတော်ရေဆာနေတဲ့ပုံပဲ.. ရေမသောက်ရရင် သေချာတယ်.. သူသေသွားနိုင်တယ်.. သူဘာလို့လမ်းလျှောက်နေတာလဲ.. ဘာကြောင့်ဒီလောက် ပူလောင်တဲ့ နေရာမှာ လမ်းလျှောက်နေတာလဲ ..


သူသောက်ဖို့အတွက်ရေ ရှာနေတာ … ဟိုးခပ်ဝေးဝေးမှာ ဟိုဟောင်းပြီး ယိုင်နဲ့နေတဲ့ အမိုးမရှိတော့တဲ့ တဲတစ်လုံး ကိုတွေ့သွားပီ.. သူအဲဒီ ကိုရောက်အောင်သွားဖို့ အင်အား ရှိပါ့မလား…သူခြေလှမ်းတွေ အဲဒီကို ဦးတည်နေတယ်.. သူမျက်လုံးတွေ ညိုးငယ်နေတယ်.. သူအတွက် ရေဟာ အရေးကြီးနေတယ်… ကြည့်ပါဦး .. တဲ ရှေ့ကိုရောက်ခါနီးမှ သူလဲကျသွားပီ… သူတဲ ကိုကြည့်တယ်.. သေချာစိုက်ကြည့်နေတယ်.. သူမျက်လုံးတွေ တဖြည်းဖြည်းနဲ့ အရောင်တောက်လာတယ်.. တဲရှေ့မှာ ရေပုံး အဟောင်းတစ်ခု ကို သူမြင်သွားတာ… သူရဲ့နောက်ဆုံးကျန်တဲ့ အင်အားတွေ နဲ့ သူတဲ ရှေ့ ကို ရောက်အောင်သွားတယ်… သူရောက်သွားပီ.. သူရေပုံး နားကို ရောက်သွားပီ..
သူ့မျက်လုံးတွေ မှိတ်ထားတယ် .. သူဆုတောင်းနေတယ်.. ရေပုံးထဲမှာ ရေရှိပါစေပေါ့… သူမျက်လုံးတွေ ဖြေးဖြေးချင်း ဖွင့်လိုက်တယ်.. သူတွေ့သွားပီ.. သူတောင်းတ ငတ်မွတ်နေတဲ့ ရေကို သူတွေ့သွားပီ…သူတစ်ယောက် ကောင်းကောင်း သောက်လို့ ၀တဲ့ အတိုင်းအတာ လောက် ရေရှိတယ်လေ...သူရေထဲ ကို လက်နှိုက်လိုက်တယ်.. သူလက်ကို ပြန်ထုတ်လိုက်ပြန်ပီ.. သူရေမသောက်သေးဘူး.. သူစဉ်းစားနေတယ်.. သူဘာကို စဉ်းစားနေတာလဲ..
အော်… ရေပုံးမှာ ရေးထားတဲ့ စာကြောင့်စဉ်းစားနေတာကိုး… ဘာရေးထားတာပါလိမ့်.. “မိတ်ဆွေ.. ဤရေကို မသောက်ပါနှင့်.. ဤရေဖြင့် ဘေးမှာ ရှိသော ရေတိုင်ဂီ ထဲမှ ရေကို ချူယူပါ..”
သူဘေးမှာ ရှိတဲ့ ရေတိုင်ဂီ ကို ကြည့်လိုက်တယ်.. ဟင်း...ကြည့်ပါဦး .. ခြောက်သွေ့နေတာပဲ.. ဒီလောက် ခြောက်သွ့နေတဲ့ ရေတိုင်ဂီ ကရေလာပါ့မလား… သူ့အတွက် ရေရနေပီပဲ…သူကောင်းကောင်းကြီး ၀အောင်သောက်လို့ရပီလေ.. သူ့ကိုကြည့်ပါဦး.. သူမျက်လုံးတွေ စုံမှိတ်ထားတယ်..သူစွန့်စားတော့မယ်ထင်တယ်… ဟုတ်တယ် သူစွန့်စားနေပီ.. သူရေတိုင်ဂီ ထဲကို ရေတွေ လောင်းထည့်နေပီ.. ရေတွေ ၀င်သွားပီ.. သူအတွက် ရေလုံးဝ မကျန်တော့ဘူး.. သူနှဖူးပေါ်က ချွေးတွေ သုတ်လိုက်တယ်.. သူ ရေစပြီး ချူနေပီ.. တက်လာတဲ့ရေသံကို သူမကြားရသေးဘူး.. ဂလောက် .. ဂလောက်နဲ့ သူဆက်ပီး ရေချူနေတယ်… သနားစရာပဲ … ချူမဲ့ ရေကို သူသောက်လိုက်ရင် ဘာမှ စွန့်စားနေစရာ မလိုတော့ဘူး.. ဟော. သူပြုံးသွားညပြီ.. သူရေသံကြားနေရပီ.. သူလက်တွေ ပိုသွက်လာတယ်.. ရေပိုက်ကနေ ရေတွေ ကျလာမှာ ကို သူမျှော်လင့်တကြီး ကြည့်နေတယ်..
ဟော.. ကျလာပါပြီဗျာ.. သူတောင်းတ မျှော်လင့်နေတဲ့ ရေတွေ သူရှေ့ ကို ရောက်နေပါပီ.. သူအရမ်းပျော်နေတယ်… မပျော်ပဲနေမလားဗျာ.. သူအသက်ဆက်ရှင်သွားပြီလေ.. သူရေသောက်နေတယ် .. ပြီးတော့ သူရေပုံး ကို ကြည့်နေတယ်.. သူရေပုံးထဲ ကိုရေပြန်ထည့်တယ်.. ပြီးတော့ ရေပုံးမှာ စာထပ်ရေးနေတယ်…. ပြီးသွားပြီး .. သူခြေလှမ်းတွေ တဲနဲ့ ဝေးတဲ့ ဆီကို ဦးတည်နေတယ်.. သူထွက်သွားပီ.. အားအင်အပြည့်ရှိတဲ့ခြေလှမ်းတွေနဲ့ပေါ့… သူထပ်ရေးသွားတဲ့ စာကို ကြည့်လိုက်ပါဦး .. ဘာထပ်ရေးသွားလဲ ဆိုတာ.. “တကယ်ဗျ… ကျွန်တော် လက်တွေ့ပါပဲ..” …တဲ့။ …။
စကားချပ်။ ။ ကဲ….မိတ်ဆွေ.. အသင်ဆိုရင်ရော ဒီလို အခြေအနေမျိုးကြုံတဲ့ အခါ ရေချူရဲတဲ့ သတ္တိရှိပါ့မလား…။

6 comments:

ထိပေ့သျှင် said...

မသေချာတဲ့ အလုပ်ကို စွန့်စားပြီး လုပ်တာ ချီးကျူးစရာပဲဗျာ။ နောက်လဲ ဒါမျိုးလေးတွေ ရေးပေးပါဦးခင်ဗျ။

Unknown said...

ဒီလို စိတ်ထားမျိုးတော့ လူတိုင်း မရှိနိုင်ဘူး ခင်ဗျ
ဒီအကြောင်းအရာလေးကို တစ်နေရာမှာဖတ်ခဲ့ဖူးတယ်ဗျ ၊ တင်ပြပုံ ကောင်းတယ်ဗျ ။ ။

e4mm said...

မှတ်သားစရာပါပဲ ..စဉ်းစားစရာတစ်ခု တိုးတာပေါ့ဗျာ။ ဒါနဲ့ ရုရှ-မြန်မာ အဘိဓါန်ကို krusk က အဖွဲ့တွေ လုပ်ထားတာတွေ့လို့ အဲဒါလေးလုပ်ထားတဲ့ အကြောင်းကို မေးချင်ပါတယ်။ ကျွန်တော့် အထင်တော့ စကန်ဖတ်ပြီး ဖလက်ရှ် နဲ့ လုပ်ထားတယ်လို့ ထင်ပါတယ်။ စာတွေကို ကော်ပီ မရဘူးခင်ဗျ။ ကျွန်တော်တို့ လဲ အဘိဓါန်သေးသေးလေး ကို စလုပ်နေတာ ပြီး လုပါပြီ။ လင်ဗို မှာ သုံးဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် နှစ်နဲ့ ချီပြီး ဆက်လုပ်သွားမှ နည်းပညာ အဘိဓါန် တစ်ခု ဖြစ်လာမှာပါ။
ကျွန်တော့်အနေနဲ့ အဲဒီ အဘိဓါန်ကို ကျွန်တော့် ဆိုဒ်မှာတင်ချင်ပါတယ်။ ဘယ်သူတွေလုပ်တယ် ဘာဆိုတာ သေချာ သိချင်ပါတယ်။ ကြော်ငြာပေးတာပေါ့ဗျာ။ နောက်ပြီး ကျောင်းမှာလဲ ကြော်ငြာပေးပါ့မယ်။ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ဝင်စားပါတယ် ခင်ဗျာ။
with rgds,

ein said...

ခုလိုအတွေးခေါ်ကောင်းလေးတွေဝေမျှပေးတဲ့တွက် အသိဥာဏ်ကိုတိုးစေပါတယ်လမ်းပြကြယ်ရေ...း)

MyoMyanmar said...

ကျွန်တော်သာဆိုလျင် လုပ်ရဲပါမည်လား.. မသေချာလှပါ.. ထိုအရာသည် ကျွန်တော်အရူးအမူး တပ်မက်သော စိတ်ဓါတ်ဖြစ်သလို ကျွန်တော့်တွင် သေချာစွာ မပိုင်ဆိုင်သေးသော စိတ်ဓါတ်လည်း ဖြစ်၏။ နှစ်ခြိုက်မိပါသည်။

မျိုးမြန်မာ

AyeyarwaddyThar said...

အရမ်းကောင်းပါတယ် အဓိက ကတော့ ဆုံးဖြတ်ချက်ပါ မသေချာတဲ့အလုပ်တစ်ခုကို စွန့်စားပြီးလုပ်ခဲ့တဲ့ သတ္တိအတွက် ချီးကျူးစရာပါပဲ သို့ပေမယ့် တစ်ဘက်မှာလဲ မြန်မာစကားပုံတွေ ရှိပါတယ် အလိုကြီး အရနည်း ။ မနက်ဖြန်က ဒီနေ့လောက်မသေချာ ဆိုတဲ့စကားတွေလဲရှိပါတယ် အရေးကြီးတာကတော့ ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လမ်းစုံကို ရောက်တဲ့အခါ ဆုံးဖြတ်ချက်မမှားဖို့ပါ ဒီပို့စ်လေးကိုလဲအရမ်းကြိုက်ပါတယ် အကြောင်းအရာ တစ်ခုကို ပေါ်လွင်အောင် စာဖတ်ပရိတ်သက် စိတ်ဝင်စားအောင် ရေးနိုင်တဲ့ အရေးအသားကို ချီးကျူးမိပါတယ်