..................အတွေးအခေါ်ရှိသော လူကြီးမင်းအား လမ်းပြကြယ်မှ အမြဲကြိုဆိုနေပါတယ်..................



Saturday, April 26, 2008

မမရေ…

“ သမီးလေးက တော်တော့လေ.. မောင်လေး ကိုလည်း ပေးစို့လိုက်တော့” တဲ့…..

နို့ညှာအမတစ်ယောက် ရှိပါ့လားဆိုတဲ့ အသိနဲ့ အတူ လျှောက်လှမ်းခဲ့ တဲ့ ကွန်တော့ရဲ့ ဘ၀ လေးတစ်ခု…အခြေခံပညာမူလတန်းကြိုကျောင်း ရဲ့ ရှေ့လမ်းကျဉ်းလေးတစ်ခုမှာ မောင်လေး ကိုလက်စွဲပြီး ဘ၀ရဲ့အစ အကြိုလမ်းခရီး ကို ရဲရဲကြီးလျှောက်လမ်း လာခဲ့တဲ့ မမ ရယ်..

“ အမေရေ.. အမေ့တားက တမီး ချိုချဉ်ကို လုစားတယ်”… အမ ရဲ့အော်သံနဲ့ အမေရဲ့ ခြေသံ ကိုတပြိုင်နက်ထဲ အူဝဲလို့ အသံလေး အော်ပြီး လူလောကကြီး ထဲကို ကျွန်တော်စရောက်လာတယ်… အမေ့ရဲ့ သားချော့တေးသံနဲ့ အတူ အသံလေး ကြားလိုက်ရတဲ့ အသံလေးက

ကားလိုက်ရတော့ ဘာမှမသိတဲ့ ကလေးလေးတစ်ယောက် (ကျွန်တော်) အရမ်းထိပ်လန့်ပြီး မျက်လုံးလေး ပေကလပ် လုပ်နေတာပေါ့…

“အော်..သမီးကလည်း ပေးစားလိုက်ပါ.. ကို့မောင်လေးပဲ. အမေနောက်တစ်ခုပေးမယ်နော်” လို့် အမေကပြောလိုက်တော့ ဆူပုတ်နေတဲ့ မမ ရဲ့ နှုတ်ခမ်း အစုံ..ငိုမဲ့မဲ့ မျက်နှာ နဲ့ လိုအင်ဆန္ဒတွေ ခဏတာထိန်းချုပ်ထားရတဲ့ မမ ရဲ့ ကြောင်ချေးတက်နေတဲ့ အပြစ်မဲ့ မျက်နှာလေး ကို အခုထိ မောင်လေး ရင်ထဲမှာ မြင်ယောင်နေဆဲပါ မမရယ်..

“သားငယ် .. မမ လိမ်းပေးတဲ့ သနပ်ခါး မပြတ်စေနဲ့ နော်.” ဆိုတဲ့ သူငယ်တန်းစတက်တော့ မေမေ ရဲ့ ပြင်းထန်တဲ့ သတိပေးသံ နဲ့ အတူ “ငြိမ်ငြိမ်နေ၊ ပါးကွက်ကွက်နေတယ် မလှပဲနေလိမ့်မယ်” ဆိုတဲ့ မမ ရဲ့ ထိန်းချုပ်သနပ်ခါး လိမ်းပေးမှုအောက်မှာ (ဘုတ်၊ ဘုတ်) သံတွေနဲ့ မျက်လုံးကို စုံမှိတ်ပေးလိုက်တယ်….

အဖေနဲ့ အမေ ရဲ့ ပြင်းထန်တဲ့ စကားလုံးတိုက်ပွဲတွေ ကြားမှာ ပါးပြင်ကမျက်ရည်စတွေနဲ ဘာမှမသိတဲ့ ကောင်လေးကိုကြည့်ပြီး ပြောလိုက်တာက “ဘာမှဖြစ်ဘူးနော် မောင်လေး.. ခဏငြိမ်ငြိမ်နေနော်” တဲ့

နဲနဲလေး ကြီးလာတော့ “ယောက္ဖ၊ မင်း အမ မပါဘူးလားကွ” ဆိုတဲ့ အသံကိုကြားလိုက်တော့ အသားတွေ တစ်ဆတ်ဆတ်တုန်နေအောင် ထွက်လာတဲ့ ဒေါသတွေ ကို ထိန်းမရ လိုက်ထိုး၊ အော်ဆဲတဲ့ မောင်လေးရော ကို မမ သတိရနေလား…

စာကျက်နေရင် ကကြားလိုက်တဲ့ အသံက “အဖေ ..သမီးစာအုပ်ဖိုးမပေးနိုင်သေးရင်လည်း သမီးဘာမှမဖြစ်ပါဘူး .. မောင်လေး က ဆယ်တန်းဆိုတော့ သူကျူရှင်ဖိုးပေးလိုက်ပါ့လား” တဲ့ အဝေးသင် ဒုတိယနှစ်တက်နေတဲ့ မမ ရဲ့ စကားသံကို စာကျက်နေရင် ဆို့နင့်စွာ ကြားလိုက်ရတဲ့ မောင်လေး ရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ပါ…မမ ရယ် …

စစ်တက္ကသိုလ်တက်နေတော့ မမ ဆီက အကြော်ပါဆယ် မပါတော့ ဖုန်းဆက်ပြီးမှာတော့ “အေးပါ မောင်လေးရယ် ပို့ပေးပါမယ် ..မပူနဲ့ နော် .. နော် စာသာကြိုးစား”ဆိုတဲ့ မမ ရဲ့ နှစ်သိမ့်သံ၊ ဆုံးမသံတွေ

“သမီး အဝေးရောက်နဲ့ ယူလိုက်တော့မယ်.. အမေတို့ မောင်လေး ဆီကို သွား.. မောင်လေး မျက်နှာ ငယ်နေလိမ့်မယ်”တဲ့

“အမေတို့ ပိုက်ဆံမလောက်ဘူးမလား .. သမီး စုထားတဲ့ ပိုက်ဆံလေး ယူသွားလေ.. သမီးမောင်လေး ကျောင်းဆင်းပွဲ ကို တီဗွီကနေ ကြည့်ပြီး အားပေးနေမယ်လို့ ပြောပေးနော် ” .. တဲ့

သြော်.. မမ ရယ် .. ရုန်ကန်မှုတွေ ကြားထဲက ကျူတာပေါက်စ ဖြစ်သွားတော့ “ဗိုလ်ကြီး ဘာစားမလဲ မမ လခရပြီ” ဆိုတဲ့ မမ ရဲ့ ပျော်ရွင်နေတဲ့ ဖုန်းသံလေး ကို သင်တန်း(တပ်စုမှုး) တက်ရင်း ကြားလိုက်ရတော့ မောင်လေး ရင်ထဲမှာ မမ နဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ခဲ့ ရတယ်….

“ငါတို့လို အခြေခံ လူတန်းစားတွေအနေနဲ့ နိုင်ငံရပ်ခြားကို ပညာသွားသင်ဖို့ ဆိုတာ မဖြစ်နိုင်ဆုံး အရာလေ .. မောင်လေး ကြိုးစားနော်.. အခုသင်တဲ့ ဘာသာစကား ကို တက်အောင်လုပ်နော်”……. လူကိုယ်တိုင် အရောက်လာပြီး ပြောသွားတဲ့ မမ ရဲ့ စကားသံတွေကို အခုထိ နားထဲမှာ ကြားယောင်နေတယ် မမ ရယ် …

ပြင်ဦးလွင်ကို တက်လာပြီး ပြောသွားတဲ့ မမ ရဲ့ နောက်ဆုံး စကားက “မောင်လေး ကြိုးစားနော် ၊ သုံးနှစ်ဆိုတာ ခဏလေးပါကွာ၊မောင်လေး ဘေးမှာ မမ ရှိမနေနိုင်တော့ဘူး၊မောင်လေး ဘ၀ကို မောင်လေး လျှောက်ရတော့မယ်လေ၊ မငိုရဘူးနော်၊ မမ လေယဉ်ကွင်းထိလိုက် မပို့တော့ဘူးနော်၊ မမ လည်းမျက်ရည်မကျဘူးနော် ၊ဒီမှာကြည့်……….” တဲ့

မောင်လေးရဲ့ နှဖူးလေး ကို ငုံနမ်းလိုက်တော့ ….. ကြည့်စမ်း မမရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ဥလေးတွေ တွဲခိုနေလေရဲ့…

မမ ရဲ့ရှေ့က ထွက်ခွာသွားတော့ မမ ရဲ့ အင့်ခနဲ့ ရှိုက်ငိုသံ သဲသဲကို ကြားလိုက်ရပေမဲ့ မမ ရှိရာ ကို ပြန်ပြီး ခြေဦးလှည့်လို့ မရခဲ့တော့ပါဘူး… မမ ရဲ့ ငိုရှိုက်သံ တဖြေးဖြေးနဲ့ တိုးတိုးသွားခဲ့ပေမဲ့ မောင်လေး ရင်ထဲမှာ ပဲ့တင်နေဆဲပါ မမ ရယ်..

(ဝေးတစ်မြေမှ မမသို့)

No comments: